ဘားအံ ဇူလိုင် ၂
ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် “ပန်းတိုင်းပွင့်စေ ဖားစည်မြေ ပျိုမေဘဝဂုဏ်တင့်စွ” ဝတ်စားဆင်ယင် ထုံးဖွဲ့မှု သရုပ်ပြပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်း စကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားကို အမျိုးသမီးဂုဏ်ရည် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးထုကြီး၏ စွမ်းဆောင်မှုအင်အားဖြင့် အထောက်အကူပြုနိုင်ရန်အတွက် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ လုပ်ငန်း စဉ်များ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ယန္တရားများ ပိုမိုအားကောင်းခိုင်မာစေရန်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ပိုမိုမြတ်နိုးတန်းဖိုးထားသည့် စိတ်ဓါတ် မြှင့်တင်ရေးအတွက် အမျိုးသမီးများကို လေ့ကျင့်ပျိုးထောင်ရန်ဆိုသည့် ရည်ရွယ်ချက်အတိုင်း ယနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကရင်မျိုးနွယ်စု (၁၁) စု၏ ဝတ်စားဆင်ယင်မှုကို သရုပ်ပြသတင်ဆက်ခြင်းနှင့် ဘားအံတက္ကသိုလ်မှ ကျောင်းသူလေးများက မြန်မာတိုင်းရင်းသား အမျိုးသမီးဝတ်စုံများဖြင့် သရုပ်ပြသတင်ဆက်ခဲ့ကြပြီး၊ အလှူရှင်များမှ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများအား ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ နာယကနှင့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ် အမှတ်ပေး ဒိုင်အဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသူ များအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး၊ ဥက္ကဋ္ဌနှင့် နာယက ဒေါ်နန်းဘေဘီမြင့်တို့က ဆုများအသီးသီးပေး အပ်ချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အင်အားသစ်များနှင့်အတူ ဂုဏ်ပြုတေးသီချင်းဖြင့် စုပေါင်းသီဆိုခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)