ရန်ကုန် ဇူလိုင် ၂
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လက်ယက်စမ်း (မူလွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ကျောင်သား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွားစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)