လှိုင်သာယာ (အနောက်) ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်းကျင်းပသော ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက် (၀၉:၀၀) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမတွင် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ထပ်ဆင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက လွှတ်တော်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် မဏ္ဍိုင် (၃) ရပ်အကြောင်း ဆွေးနွေးခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ရပ်ရွာအေးချမ်းသာယာရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ရဲမှူး ဦးမောင်မောင်ကျော်က အမှုအခင်းများနှင့်ပတ်သက်၍ ဥပဒေအသိပညာဖြန့်ဝေဆွေးနွေးခြင်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က စည်ပင်သာယာရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ကြွယ်ကြွယ်ဌေးက လောင်းကစားခြင်းကြောင့် ဖြစ်လာသည့်ဆိုးကျိုးများနှင့် ဥပဒေများ၊ ပြစ်မှုဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပေးသည်။
အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပြည်သူ (၄၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)