မြဝတီ ဇွန် ၃၀
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မအိန္ဒြေဖူးကလူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မထက်မွန်မြင့်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဝင်းပပဇော်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-11 ကျောင်းသား မောင်စုပြည့်အောင်က လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး Grade -12 ကျောင်းသား မောင်သန့်စင်က ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်. ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ချီးမြှင့်သည်။
လူငယ်စကားဝိုင်း တက်ရောက်ခဲ့ကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)