ကမမောင်း ဇွန် ၃၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက အုန်းတော အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖာပွန်မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကမမောင်းမြို့ အုန်းတောအခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းညွှန့်မောင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ကမမောင်းမြို့ရဲတပ်ဖွဲ့မှူး ရဲအုပ်ဝင်းကြိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ကမမောင်း(ပြန်/ဆက်)