လိပ်သို ဇွန် ၃၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ တညင်းပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ တညင်းသီးများ ခူးယူရောင်းချချိန် စျေးကောင်းရလျက်ရှိသည်။
ဒေသတွင်း၌ တညင်းပင်များကို အခြားနှစ်ရှည်သီးနှံပင်များကြားတွင် စိုက်ပျိုးထားကြကြောင်း၊ တညင်းပွင့်များပွင့်ချိန်တွင် မိုးအသင့်အတင့်ရွာသွန်းလျှင်အသီးတင်ပြီး တညင်းအထွက်နှုန်းကောင်းသော်လည်း မိုးများပါကအပွင့်များကြွေကာ အသီးတင်နှုန်းနည်းကြောင်း၊ တညင်းသီးများကို အသီးနုချိန်တွင်ခူးယူပါက ကြာရှည်အထားမခံဘဲ ပုပ်တတ်သဖြင့် တညင်းသီးရင့်ချိန်မှသာ ခူးယူပြီး အခွံချွတ်ကာရောင်းချကြကြောင်း တညင်းစိုက်တောင်သူတစ်ဉီးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်ရှိ တညင်းအဝယ်ဒိုင်များက တညင်းသီးတစ်ပိဿာလျှင် ကျပ် ၄၅၀၀ ဖြင့် ဝယ်ယူလျက်ရှိနေပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိနေကြောင်း သိရသည်။
နော်ဖလောရင်း