ဘားအံမြို့၌ အမျိုးသမီးများဝင်ငွေတိုးရေးစက်ချုပ်နည်းပညာသင်တန်းဆင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်

ဘားအံ ဇွန် ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်(၁၀၀)အတွင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့်ဖွင့်လှစ်သည့် အမျိုးသမီးများဝင်ငွေတိုးရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် နံနက် ၉ နာရီ က ဘားအံမြို့နယ်၊ ဖအွံကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က သင်တန်းသူများအနေဖြင့် လုပ်ငန်းထူထောင်ရာတွင် လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ရရှိပြီးသည့်အခါ လုပ်ငန်းသုံးပစ္စည်းများကို အသုံးချ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ စက်ချုပ်လုပ်ငန်းများထူထောင်လာနိုင်စေခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မိန်းမလှကျွန်းကျေးရွာမှ သင်တန်းသူ ၁၀ ဦးက ၄၅ ရက်ကြာ စက်ချုပ်ဘာသာရပ်များကို သင်ကြားပြီးမြောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် ထူးချွန်သင်တန်းသူ(၅)ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်း ၄ သောင်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် သင်တန်းထွက်ကုန်ချောပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)