မြဝတီ ဇွန် ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များတစ်နိုင်ငံလုံး ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကိုအထောက် အကူပြုစေရန် ရည်ရွယ် ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ် သင်ကြားသည့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ ဘာသာရပ် အလိုက် သင်ကြားရေး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ/ဆရာမများအား ဆန်နှင့် အခြေခံစားသောက်ကုန် များကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများက အဆိုပါသင်တန်း ကျောင်းတွင် ဘာသာရပ် များ အလိုက် တက်ရောက်သင် ကြားနေသည့် ကျောင်းသား/ကျောင်းသူ များအားကျောင်းသုံး ဗလာစာအုပ်နှင့် ဘောပင်များကို လည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်း ကျောင်းတွင် ဘာသာရပ်အလိုက်တက်ရောက် ပညာသင်ကြား နေသည့် ဆရာ ၊ဆရာမများ နှင့် ကျောင်းသား ၊ကျောင်းသူများကိုယ်စား ဆရာမ တစ်ဦး က ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။
မြဝတီမြို့ ၊အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန် (၁)ရက်က စတင်ဖွင့်လှစ်သင်ကြားသည့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မှု ဘာသာရပ်၌ ကျောင်းသား/သူ (၂၂)ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၌ ကျောင်းသား/ကျောင်းသူ (၄)ဦး စုစုပေါင်း (၂၆)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)