မြစ်ကြီးနား ဇွန် ၃၀
ကချင်ပြည်နယ်သံဃနာယအဖွဲ့ (ဂိုဏ်ပေါင်းစုံ) က ဇွန် ၂၅ ရက်နေ့မှ ဇွန် ၂၉ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သော သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ(အဘိဓဇမဟာရဋ္ဌဂုရု) အမှူးပြုသော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များ၊ ပြည်နယ်/ မြို့နယ်ဂိုဏ်ပေါင်းစုံမှ သံဃနာယက ဆရာတော်များ၊ သင်တန်းသား သံဃာတော်များ စုစုပေါင်း သံဃာတော် (၅၀)ပါး ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များထံမှ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ၊ အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များထံမှ သင်တန်းဆင်းသြဝါဒတရား တော်များနာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမအလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်အရှင်သူမြတ်များက သင်တန်းသား သံဃာတော်များအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ဆက်ကပ်ခြင်းနှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းနည်းပြဌာနဆိုင်ရာများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ သင်တန်းဆင်းပွဲကို ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)