ဖယ်ခုံမြို့၌ ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ(၁၅၀)လုံးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ပစ္စည်းများပေးအပ် 

ဖယ်ခုံ ဇွန် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများတွင် ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ (၁၅၀) လုံးအား ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ပစ္စည်း ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံ့နက် ၉ နာရီခွဲက ဖယ်ခုံမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်က ဖယ်ခုံမြို့နယ်အတွင်း ၁၀၀ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ(၁၅၀)အိမ်အား ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည် နယ်(တောင်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်အယ်လ်နန်းခမ်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဖယ်ခုံမြို့နယ်အတွင်း အခြေပြုနေထိုင်သည့် ဘေးဒုက္ခရောက်သူများအားကူညီနိုင်ရန် ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းရွှေ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်အယ်လ်နန်းခမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးကြည်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီ အတွင်းရေး မှူး ရဲမှူးချိုလွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်တို့က ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူကြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့ပေါ်တွင် ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ (၃၂၂) လုံးရှိသည့်အနက် ဖယ်ခုံမြို့တွင် ပြန်ဝင်ရောက်နေထိုင်သည့် အိမ်ခြေ(၁၂၁)အိမ်နှင့် မိုးဗြဲကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် အိမ်ခြေ(၂၉)လုံး၊ စုစုပေါင်း (၁၅၀) လုံးအား တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ မိုးကာ၊ ခြင်ထောင်၊ သောက်ရေပုံး၊ စောင်နှင့် အိမ်ဆောက်အထောက် အကူပြုပစ္စည်းများအား ကနဦး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)