ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းက၊ တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဗိုလ်ချုပ်ပန်းခြံအတွင်း လျှောက်လမ်းများပြုပြင်ခြင်း၊ အားကစားပစ္စည်းများတပ်ဆင်ခြင်း၊ ပန်းအလှပင် စိုက်ပျိုးခြင်းလုပ်ငန်းများနှင့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာမီးပုံးပျံ ကွင်းအနီး တောင်ကြီးတက္ကသိုလ်တောင်ဘက်ရှိ ဆိုင်ခန်းများတည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက ပန်းခြံသာယာလှပရေးအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများအား သက်မှတ်ကာလ အတွင်း အရည်သွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်၊ ရေထွက်ဦး ဝန်ထမ်းအိမ်ရာအတွင်း (၂) ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာနှင့် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားတောင်အဆင်းလမ်း( ဘုရားလမ်းဆုံမှ ပညာဗောဓိဘုန်းကြီးကျောင်းလမ်းဆုံအထိ) AC လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)