မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများအား သင်တန်းပို့ချ

မိုးနဲ ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စတင်ကာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများအား သင်တန်းပို့ချပေး လျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင် ရပ်ကွက် ကောင်းကျိုး ဆိုးကျိုးများကို စိတ်ဝင်တစား ဖြေရှင်းဆောင်ရွက်နိုင်မည့် ရပ်ကွက်အတွက် အမှန်တကယ် အားကိုးအားထားပြုရမည့်သူ ဖြစ်ရန်လိုကြောင်း၊ အများအကျိုး၊ သာသနာအကျိုးကို စေတနာထား လုပ်ဆောင်နိုင်မည့်သူကို ရွေးချယ်ကြရန်လိုကြောင်း၊ ရပ်ကွက်အတွက် ယုံကြည်စိတ်ချရမည့်သူများကို ရပ်ကွက်မှ မဲပေးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူး (၅)ဦးအနေဖြင့် စေ့စပ်စွာ စိစစ်‌ရွေးချယ်ကြရန်လိုကြောင်းနှင့် ပါဝင်ရွေးချယ်နိုင်သူများနှင့် ရွေးချယ်ခွင့်မရှိသူများအကြောင်းကို ပြောကြားပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးငိုပွယ်က ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်းပြောကြား ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာသော ကြီးကြပ်ရေးမှူးများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ ‌ကြကြောင်းသိရသည်။

ဇင်ကိုကို