မိုင်းဆတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစာမူ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများနှင့် အလွတ်တန်းပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဇီအုန်ဟိုတယ်ရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေထံမှပေးပို့သော သဝဏ်လွှာအား ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေကဖတ်ကြားပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ချက်မှတ်တမ်းတင်ဗီဒီယိုပြသသည်။
ထို့နောက် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တု တို၊ ဆောင်းပါး၊ ကဗျာစာမူပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အလွတ်တန်းပြိုင်ပွဲဝင်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္ထိယ၊ နယ်မြေခံတပ်နယ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော အရပ်သားလူပုဂ္ဂိုလ်များအား အမှတ်(၂၉)မူးယစ်တပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးစိုးသူရက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုအားပေးကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် မွန်းလွဲ ၁ နာရီတွင် မိုင်းတွမ်းနယ်မြရဲစခန်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆးဝါးမှု ၃၅ မှုနှင့် လက်နက်မှုတစ်မှုတို့ဖြင့် သိမ်းဆည်းရမိသည့် မူးယစ်ဆးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား အခမ်းအနားဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)