ပူတာအိုမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး(TOT)သင်တန်းဆင်းပွဲ ကျင်းပ

ပူတာအို ဇွန် ၂၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေအသိပညာများကျွမ်းကျင်စွာသိရှိထားပြီး ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီအောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး(TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ဝင်းက သင်တန်းမှ သင်ကြားပို့ချပေးခဲ့သော ဥပဒေပညာများကိုသိရှိထားခြင်းဖြင့် မိမိတို့ရပ်ကွက်အတွင်းရှိ ပြည်သူများကိုလည်း ဥပဒေနှင့်မညီညွှတ်သည့် ကိစ္စရပ်များကိုမလုပ်ဆောင်စေရန်၊ ရှောင်ရှားစေရန်အသိပညာပေးဆောင်ရွက်သွားကြရေး ဆွေးနွေးပြောကြားသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၂၅)ဦးနှင့်ရပ်/ကျေးစာရေး(၂၅)ဦး သင်တန်းသား/သူစုစုပေါင်း(၅၀)ဦးတို့အား ဇွန်(၂၂)ရက်မှဇွန်(၂၆) ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရာဇသတ်ကြီး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဥပဒေ၊ နည်းဥပဒေများ၊  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လောင်းကစားဥပဒေ၊ လုပ်ထုံးလုပ်နည်းများစသည့် ဘာသာရပ်များကို သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်သည်။  အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်