လင်းခေး ဇွန်၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်၌ “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်”ကဗျာ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အသိပညာပေးအချက်များ၊” အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ “ဆောင်းပါးတို၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုးအကြောင်း သိကောင်းစရာများနှင့် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းများ၊ လူငယ်အသိပညာပေးဆိုင်ရာ ကာတွန်းနှင့်ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြပါရှိသည်။
ယင်းသတင်းစကားလက်ကမ်းစာစောင်များကို လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မစျေး၊ မော်တော်ယာဥ်ဂိတ်များနှင့် လူစည်ကားရာနေရာရှိ အများပြည်သူများထံသို့ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)