မိုးညှင်း ဇွန် ၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့ခရိုင် မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်မာရီက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ ရဲအုပ်စိုးသူရက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင် အလုပ်သမားခိုင်စေမှုများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူကုန်ကူးမှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အွန်လိုင်းဖြင့်အသုံးပြု၍ ပြည်တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးခေါ်ယူခြင်းခံရမှုအပေါ် လူကုန်ကူးခြင်း ခံရနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပါဝင်ပွိုင့်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီးနောက် ၎င်းတပ်ဖွဲ့ဝင်များက လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း