ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်

ဟိုပုံး ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က နမ့်ဗော်ဟွန်းကျေးရွာအနီးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းမှာ ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီတွင် ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊ ထင်းရှူး၊ အော်ရေးရှား၊ ပြည်လုံးချမ်းသာ အစရှိတဲ့သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း(၁၂၀၀)ပင် စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ သဘာဝသစ်တော၊ သစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းပြုစုခြင်းနှင့် သစ်တော၊သစ်ပင်မရှိတဲ့နေရာတွေမှာ သစ်ပင်စိုက်ပျိုးခြင်းဟာ နိုင်ငံတော်နှင့်ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်စေရုံသာမက ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းက ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သလို လူသားတို့အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျပါကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌက စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တ‌ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က တပ်ရင်း/တပ်ဖွဲ့များအတွက် စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဋ္ဌေးအောင်နှင့် ဒေသခံပြည်သူများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီ(၃၀)ပင်၊ ချယ်ရီ(၄၅၀)ပင်၊ စိန်ပန်းပြာ(၄၅၀) ပင်၊ ထင်းရှူး(၁၅၀)၊ အော်ရေးရှား(၆၀)၊ ပြည်လုံးချမ်းသာ( ၆၀)စုစုပေါင်း(၁၂၀၀)ပင် စိုက်ပျိုးခဲ့ ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)