ကျောက်မဲ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်ရည်ရွယ်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ သွားရောက်ကာ အသိပညာပေးသတင်းစကား လက်ကမ်းစာစောင် စုစုပေါင်း စောင်ရေ ၂၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားအုပ်စု (၅)မျိုးအကြောင်း၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးမှုများ၊ "တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ" အကြောင်း၊ "အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့" ဆောင်းပါးများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လိုက်နာသင့်သည့်အချက်များနှင့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ကဗျာနှင့် ကာတွန်းများ စုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)