သီပေါ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ကေသီဝင်းက ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)မှဒုရဲအုပ်ကျော်ဇင်မိုးက ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ယာဉ်ရပ်နားသူများ လိုက်နာရမည့်စည်းကမ်းများ၊ လမ်းလျှောက်သူများလိုက်နာရမည့်စည်းကမ်းများ၊ မီးပွိုင့်တွင်လိုက်နာရမည့်စည်းကမ်းများစသည်ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအားဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်