နောင်တရား ဇွန် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် စိုက်ပျိုးတောင်သူများအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နောင်တရားမြို့အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ထွေးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စိုးသူက မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာပေးအပ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ထွေး၊ နယ်မြေစခန်းမှူးဦးခင်မောင်မြင့်၊ မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးအောင်ဝင်း၊ မြို့စည်ပင်သာယာရေးဌာနတာဝန်ခံ ဦးစိန်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးသူတို့က နောင်တရားမြို့ တီကျစ်ကျေးရွာအုပ်စု စိုက်ပျိုးရေးတောင်သူများအား ဓါတ်မြေဩဇာ/သဘာဝမြေဩဇာ၊ စပါးမျိုးစေ့၊ နေကြာမျိုးစေ့၊ ကော်ဖီပျိုးပင်နှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ကာ စိုက်ပျိုးရေးတောင်သူများမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)