ပင်လောင်းမြို့နယ် ဘုရားဖြူကျေးရွာ၌ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ပင်လောင်း ဇွန် ၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာမှ ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အသက်(၁၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို  ဇွန် ၂၄ ရက်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မွန်းလွဲ ၁ နာရီအချိန်က အသက်(၁၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မွန်းပင်လူငယ်ဘောလုံးအသင်းနှင့် ဘုရားဖြူကျေးရွာလူငယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကြရာ မွန်းပင်လူငယ်ဘောလုံးအသင်းက ဘုရားဖြူကျေးရွာလူငယ်ဘောလုံးအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်က အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထီရွေးကျေးရွာ ဘောလုံးအသင်းက ထီနဲ့ကျေးရွာဘောလုံးအသင်းကို ပင်နတီအဆုံးအဖြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ထို့နောက် ဆုပေးပွဲဆက်လက်ကျင်းပရာ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် အသက်(၁၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု ရရှိသော ဘောလုံးအသင်းများနှင့် နေရာအလိုက်အကောင်းဆုံးရရှိသော ဘောလုံးသမားများကို ငွေသားဆု၊ ဆွဲးပြားဆုများနှင့် ဒိုင်းဆုဖလားကို ပင်လောင်းမြို့နယ်ဘောလုံးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းသန်းထွန်း၊ စန္ဒာခမ်းတိုင်းဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခွန်ထွန်းအေး၊ စန္ဒာခမ်းတိုင်းလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရွှေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေး၊ ပေါ့အင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် ဘုရားကျေးရွာရပ်မိရပ်ဖများက ဆုများပေးအပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း (၆၀)သင်း၊ အသက်(၁၅) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်းလေးသင်းဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်