မြစ်ကြီးနား ဇွန် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မော်တော်ယာဉ်အသုံးပြုခြင်းနှင့် လမ်းအသုံးပြုခြင်းများ အတွက် လိုက်နာရမည့် စည်းကမ်းများကို အများပြည်သူ ပိုမိုသိရှိနားလည်စေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီ က စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(ကချင်)၊ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲအုပ် ဇာနည်စိန်အောင် ဦးဆောင်သည့်အဖွဲ့သည် မော်တော်ယာဉ်အသုံးပြုခြင်းနှင့် လမ်းအသုံးပြုခြင်းများပတ်သက်၍ အလေးထားလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေးပြည့်မီသော မော်တော်ဆိုင် ကယ်စီးဦးထုပ် ဝတ်ဆင်မောင်းနှင်ကြရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၉၀) ဦးတို့အား အသိပညာပေးဟောပြောခဲ့သည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)