ကော့သောင်းမြို့၌ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ကော့သောင်း ဇွန် ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၌ မေလ(၂၅)ရက်နေ့မှ ဇွန်(၂၆)ရက်နေ့ထိ (၁)လတာ ဖွင့်လှစ်ခဲ့သော ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲမြတ်တင့်က “ကော့သောင်းမြို့သည် အဏ္ဏဝါခရီးသွားလုပ်ငန်းကို အဓိကလုပ်ဆောင်သောဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများ လည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုရောက်ရှိလာပြီး အနာဂါတ်တွင် မြန်မာနိုင်ငံ၏ အဓိကဖြစ်ပြီး ခရီးစဉ်ဒေသများတွင်ပါဝင်လာနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ကော့သောင်းခရိုင်၏ ခရီးစဉ်ဒေသများ အောင်မြင်လာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကျ သော နေရာတစ်ခုဖြစ်သည့်  ကော့သောင်းဒေသသည် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက် ပေါက်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများအောင်မြင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့သာမက အခြားဆက်စပ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများအားလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းအမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင် စေရန်နှင့် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖြစ် လာစေရန်၊ ဧည့်သည်များအတွက် စိတ်ကျေနပ်မှု ပေးဆပ်နိုင်စွမ်းအရှိဆုံး ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းလုပ်ကိုင်ကြရမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ) သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးကို အထောက် အကူပြုပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေ ပိုမိုရရှိလာခြင်း၊လူနေမှုအဆင့် အတန်းမြင့်မားလာစေခြင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းစဉ်ကိုလည်း ကူညီပံ့ပို့ပေးရာရောက်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှဆရာ၊ ဆရာမများ ပို့ချပေးသည့်သင်ခန်းစာများအား ကြိုးစားအားထုတ် လေ့လာသင်ယူကြပြီး လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်စေလိုပါကြောင်း၊ ဧည့်သည်များအတွက်ဆောင်ရန်၊ ရှောင်ရန်များကို ထိထိရောက်ရောက် ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်စေလိုပါကြောင်း၊ ဘာသာစကားများကိုလည်း ကြိုးစားလေ့လာ ပြီး၊ ပင်လယ်ပြင်ခရီးစဉ်များလိုက်ပါရာတွင် ဧည့်လမ်းညွှန်များ လိုက်နာရမည့် စည်းကမ်းများ၊ ဧည့်သည်များလိုက်နာရမည့် စည်းကမ်းများ၊ ဆက်စပ်ဌာနများ မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိအကျလိုက်နာဆောင်ရွက်၍ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် သယံဇာတများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန်” အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ) သင်တန်းမှ ဆုရသင်တန်းသား၊ ကျောင်းသူများအား‌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင် ကူညီပံ့‌ပိုးပေးသော Hotel လုပ်ငန်းရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ထို့နောက် ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းတက်‌‌ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်ကို ရေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမင်းထက်က သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်ခဲ့သည်။

အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းတွင်   ကော့သောင်းမြို့နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၇၄)ဦး သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)