လားရှိုး ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကို ဇွန်လ ၂၄ ရက်က စတင်၍ ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
ထို့သို့ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအခြေအနေများအား လားရှိုးခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နန်းမျိုးသန္တာဦးတို့က ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများကို ဇွန်လ ၂၄ ရက်တွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀၊ မိတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမြင့်ခုန်၊ သံပြားပစ်၊ သုံးဆင့်ခုန် ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ဇွန်လ ၂၅ ရက်တွင် အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀၊ မိတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အလျားခုန်၊ သံလုံးပစ်၊ လှံတံပစ် ပြိုင်ပွဲများကျင်းပမည်ဖြစ်ရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လူမော် (ပြန်/ဆက်)