တောင်ကြီး ဇွန် ၂၆
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်ကယန်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဒေါ်အေးချိုစိန်၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းက တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး၊ အစည်းဝေးခန်းမ၌ကျင်းပသည့် အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက သင်တန်းသား/သင်တန်းသူများအတွက် သင်ရိုးညွှန်းတန်း စာအုပ်များကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ဒေါ်သီတာဦးက သင်တန်းနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က သင်တန်းသား/သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ခန်းမတွင်းခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးဝါးများနှင့် ဆေးပင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခြေခံတိုင်းရင်းဆေးပညာသင်တန်းကို သင်တန်းနည်းပြ(၅)ဦးက သင်တန်းသား/ သင်တန်းသူ(၃၀)ဦးအား (၃)ရက်ကြာစာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံဖြတ်ခဲ့သည့်အချက်များနှင့် အသင်းဖွဲ့မှတ်ပုံတင်လက်မှတ်အသစ်လျှောက်ထားလာသည့် အသင်းဖွဲ့(၃)ဖွဲ့အား ယာယီမှတ်ပုံတင်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)