တောင်ကြီးမြို့၌ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇွန်  ၂၆

အားကစားသည် လူငယ်များ၏ရုပ်ပိုင်းဆိုင်ရာခိုင်မာမှုနှင့် စည်းကမ်းလိုက်နာတတ်မှုတို့ကို မြှင့်တင်ပေးသည့် အရေးကြီးသောကဏ္ဍဖြစ်သည့်အတွက် တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဘောလုံးအားကစားကိုချစ်မြတ်နိုးသူများတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးတက္ကသိုလ်(တောင်ကြီး)သည် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍဖွံ့‌ဖြိုးတိုးတက်ရေးအတွက် အရည်ချည်းပြည့်ဝသည့် ဆေးပညာရှင်များကို မွေးထုတ်ပေးလျက်ရှိသည့်အပြင် ပညာရပ်ပိုင်းတွင်သာမက အားကစား၊လူမှုရေးနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးဆိုင်ရာလှုပ်ရှားမှုများတွင် ကျောင်းသား/ကျောင်းသူများ ပါဝင်လှုပ်ရှားစေခြင်းသည် စာပေပညာထူးချွန်ရုံသာမက အားကစားတွင်လည်း ထူးချွန်သူများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသဲနုထွေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားသမားများက အားကစားအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ပန်းပွားအဖွဲ့တို့ကိုဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အတန်းလိုက် Cheer Leder များက အကအလှများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို (၂၄.၆.၂၀၂၆)ရက်နေ့မှ (၇.၇.၂၀၂၆)ရက်နေ့အထိ ပြည်နယ်အားကစားကွင်း၌ ၁၄ရက် ကြာကျင်းပ သွားမည်ဖြစ်ပြီး အားကစားကိုချစ်မြတ်နိုးသည့်မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)