တပ်ကုန်း ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ဇွန် ၂၄ ရက် နံနက်ပိုင်းက ထုံးဖိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး၊ ထုံးဖိုကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ (Grade-11)နှင့်(Grade-9)မှ ကျောင်းသူငါးဦးတို့က လူငယ်နှင့်တာဝန်၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင်အနာဂတ်၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့်ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ ထုံးဖိုကျေးရွာအခြေခံပညာအထက် တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဒယောက်ကူးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆက်လက်ကျင်းပခဲ့ရာ(Grade-11)နှင့်(Grade-9)မှ ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့်စာကြည့်တိုက်၊ လူငယ်နှင့်ဆေးလိပ်သောက်ခြင်း၊ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဒယောက်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးသက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုအမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝ ဘေးအန္တရာယ် အသိပညာနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်