တနင်္သာရီ ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းသရုပ်ဖော် ပြိုင်ပွဲများကိုဇွန် ၂၅ရက်နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါပြိုင်ပွဲများကို “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ”၊ “လွယ်လွယ်နဲ့ရ သုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ်တားဆီးမှ”၊ “မူးယစ်ကင်းစင်-တို့ဝန်းကျင်-ပျော်ရွှင်ချမ်းမြ-လုံခြုံလှ”၊ “နိုင်ငံအနာဂတ် လှပစေဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့”၊ “ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့”နှင့် “အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” ဟူသည့် ခေါင်းစဉ်များဖြင့် ကျင်းပသည်။
ပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲဝင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး၊ ကဗျာပြိုင်ပွဲဝင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၇ ဦး၊ ဆောင်းပါးပြိုင်ပွဲဝင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄ဦးနှင့် ကာတွန်းသရုပ်ဖော်ပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး စုစုပေါင်း ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲကျင်းပနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မင်းအောင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများမှ ထူးချွန်ဆုရရှိသူများကို ခေါင်းစဉ်အလိုက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များအလိုက်ရွေးချယ်၍ ပထမ၊ ဒုတိယနှင့် တတိယဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)