တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ် (၁)ချစ်ကြည်ရေးတံတားလမ်း၌ ကတ္တရာကွန်ကရစ်(AC)လမ်း ခင်းကျင်း

တာချီလိတ် ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် ယာဉ်သွားလာမှုပိုမိုချောမွေ့စေရေးနှင့် တံတားအသုံးပြုသူများအဆင်ပြေစေရေးအတွက်  လမ်းအဆင့်မြှင့်တင် ကတ္တရာကွန်ကရစ် (AC)လမ်းခင်းကျင်းခြင်းလုပ်ငန်းကို ဇွန်လ ၂၃ ရက် ညပိုင်းက ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများနှင့် ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် လမ်းအရှည် ၅၇၀ ပေ၊ အကျယ် ၂၄ ပေရှိ ကတ္တရာကွန်ကရစ် (AC)လမ်း ခင်းကျင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို စစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များကကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လမ်းခင်းလုပ်ငန်းကို ဇွန်လ ၂၃ ရက် ညပိုင်း တံတားပိတ်ချိန်တွင် စတင်ဆောင်ရွက်ကာ ယနေ့ ညပိုင်း တံတားပိတ်ချိန်တွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၁)ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ပေးထားသည့် အရေးပါသော နယ်စပ်ဖြတ်ကျော်တံတား တစ်စင်းဖြစ်ပြီး နှစ်နိုင်ငံပြည်သူများနှင့် ကုန်စည်များနေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း