ဘားအံ ဇွန် ၂၃
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(ဘားအံ)၏ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံရပြီးနောက် မိမိတို့၏ အသက်မွေးဝမ်း ကြောင်း အတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကို မွန်မြတ်သောလုပ်ငန်းအဖြစ် အထူး အလေးထား ကြိုးစားတတ်မြောက်အောင် သင်ယူသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြား သည်။
ထို့နောက် သူနာပြုသိပ္ပံ(ဘားအံ)ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်ဝတ်ဆင်ခြင်း၊ ဦးဆောင်း အပ်နှင်းခြင်းတို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက သူနာပြုသင်တန်းသား(၁၀)ဦးနှင့် သင်တန်းသူ(၆၅)ဦး စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၆၆)ဦးတို့အား ဂျူတီကုတ်နှင့်ဦးဆောင်များပေးအပ်ကာ သင်တန်းသား၊သင်တန်းသူများက သူနာပြု သစ္စာအဓိဌာန်ကို ရွတ်ဆိုကြသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေး ဝန်ကြီးတို့က ပညာသင်နှစ်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ထူးချွန်သင်တန်းသူ၊ သင်တန်းသားများအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊သင်တန်းသူများက ကရုဏာအလင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)