အင်းစိန် ဇွန် ၂၄
၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြု မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက တစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုမိတ်ဆက် အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ရေကူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား လက်ဖက်ရည်နှင့် မုန့်များဖြင့်တည်ခင်းဧည့်ခံပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေကူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို အားကစားသမား(၁၈၂)ဦးဖြင့် ဇွန်လ(၂၄)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)