တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

တောင်ကြီး ဇွန် ၂၃

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်း စသည့်အကြာင်းအရာများကို ဆွေးနွေးကြရာ စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် စေ့စပ်ညှိနှိုင်းရေးမှူးနှင့် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူများကို လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဌေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးသိန်းအောင်တို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်းအတွက် ကျောင်းသုံးဗလာစအုပ်များကို မြန်မာ့လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရှမ်းပြည်နယ်တာဝန်ခံ ဦးဉာဏ်ထိန်လင်းက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ ဝန်ထမ်းများက ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)