ရန်ကုန် ဇွန် ၂၃
၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေလဲဒေသအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နှင်းနှင်းအေးနှင့် တာဝန်ရှိသူများက အမျိုးသမီးရေးရာအဖွဲ့ဝင်များထံသို့ ပျိုးပင်များကို ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုပေါင်း၍ သစ်ပင်စိုက်ပျိုးကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျွန်း(၄၀၀၀)ပင်၊ ပျဉ်းကတိုး(၄၀၀၀)ပင်၊ မဟော်ဂနီ(၈၀၀၀)ပင်၊ သရက်(၁၀၀)ပင်နှင့် ပိန္နဲ(၁၀၀)ပင် စုစုပေါင်း(၁၆၂၀၀)ပင်တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)