တိုက်ကြီးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

တိုက်ကြီး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ယာဉ်မတော်ဆမှုများကြောင့် သေဆုံးမှုများ မဖြစ်ပွားစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက တာခွကျေးရွာ ရန်ကုန်-ပြည် ကားလမ်းတွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွန်း ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ယာဉ်တိုက်မှုနှုန်း လျော့နည်း စေရေးအတွက် ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာ မောင်းနှင်နေသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၊ ခြေလျင်လျှောက်သူများ၊ အနှေးယာဉ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ယာဉ်သွားယာဉ်လာများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် သံဃာတော်အရှင်သူမြတ်များမှ ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)