မှော်ဘီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မှော်ဘီ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စု၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကို  ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ဝါးနက်ချောင်းကျေးရွာ ပါရမီဖြည့် အရှေ့ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ပြည်သူ့စကားဝိုင်း (Public Talk) တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး စန်းထွေး၊ မြို့နယ်စိုက်ပျိုးရေးလက်ထောက်ဦးစီးမှူး ဦးစိုင်းသူရမင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်နေမှုများနှင့် မိုးသီးနှံစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိလိုသည်များ မိမိတို့ရပ်ရွာအတွင်း လိုအပ်ချက်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန်းဝင်း