ထန်းတပင်(ရန်ကုန်) ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိန်မာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်တိုက်မှုဖြစ်စဉ်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) လက်ထောက်မန်နေဂျာ ဦးသူရိန်မိုးက သူတစ်ပါးထိခိုက်မှုအာမခံအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အမှတ်(၆၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကျော်စိုးဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြုလိုက်နာရမည့် မီးပွိုင့်များအကြောင်းကိုလည်းကောင်း၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)မှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်ထွန်းက ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ ယာဉ်မောင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ လမ်းညွှန်များနှင့် လမ်းအမှတ်အသားများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများအား ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဝန်ထမ်းများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး ဟောပြောပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)