ဗိုလ်တထောင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌နှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့်ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ UID ထုတ်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်လဝကဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်၊ ခေတ္တပညာရေးမှူး ဦးနိုင်လင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း (ပြန်/ ဆက်)