ညောင်ရွှေ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များရှင်းလင်း

ညောင်ရွှေ ဇွန် ၂၁

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးနှင့်ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များအား ၂၀၁၂ ခုနှစ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ ရှင်းလင်းပွဲကို ဇွန် ၂၀ ရက် နံနက် ၁၀ နာရီက ညောင်ရွှေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီး မှ ကြီးကြပ်ရေးအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)