ကျောက်မဲ ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ (၅) ရှိ မြဝတီလမ်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့တွင်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့်တာဝန်ရှိသူများက မြဝတီလမ်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြဝတီလမ်းသည် ယခင်က ရေစီးရေလာမကောင်းမွန်ဘဲ မိုးရာသီကာလများတွင် လမ်းပေါ်၌ ရေဝပ်မှုများအမြဲဖြစ်ပေါ်လေ့ရှိသဖြင့် ရပ်ကွက်နေပြည်သူများကမိမိတို့၏ထည့်ဝင်ငွေများဖြင့် စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ဌေးကြွယ်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် အဆိုပါလမ်း၌ ရေစီးရေလာကောင်းမွန်စေရန် အလျား (၁၂၀၀) ပေရှိ မြေသားမြောင်း တူးဖော်ခြင်းလုပ်ငန်း၊ လမ်းထက်မြင့်နေသော လမ်းပုခုံး (၄၀၀) ပေ တူးဖော်ခြင်းလုပ်ငန်းနှင့် အကျယ် (၂) ပေ၊ အရှည် (၂၇) ပေရှိ ရေပြွန်တံတား (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဘိလပ်မြေ (၂၀) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)