ဆီဆိုင် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများသိရှိစေရန်၊ ပန်းချီအနုပညာကို စိတ်ပါဝင်စားပြီး တန်ဖိုးထားတတ်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် ဖန်တီးမှုများ ဆန်းသစ်တီထွင်လာနိုင်စေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနေလင်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင်ကျန်းမာလှ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ ရှောင်လေ ဝေးဝေး မူးယစ်ဆေးစသည့် ခေါင်းစဉ်များဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးတင်မိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)