ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ဘားအံ ဇွန် ၂၀

မြို့အင်္ဂါရပ်နှင့်အညီ Green City , Clean City ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ တောင်ကလေး အခြေခံပညာအထက်တန်းကျောင်း၊ လှာကမြင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဖော်ခြင်း၊ စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်များရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြုဆောင်ရွက်နေခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၏ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည်စုံလုံလောက်မှုရှိ/မရှိ မုန့်ဈေးတန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် မှာကြားကာ  လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော နောင်ခရိုင် ကျေးရွာရှိ နောင်ခရိုင် မဇ္ဈိမလှိုဏ်ဂူအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ အေးချမ်းစွာ လာရောက်လည်ပတ်အပန်းဖြေနိုင်ရေး၊ ဈေးဆိုင်ခန်းများ၊ ယာဉ်ရပ်နားရန် ကားပါကင်များ၊ သန့်စင်ခန်းနှင့် အဝတ်လဲခန်းများ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေး တာဝန်ရှိသူများအား မှာကြားကာ ခရီးစဉ်ဒေသအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement  Test  (အထူးအစီအစဉ်) စားမေးပွဲကို ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Placement  Test  (အထူးအစီအစဉ်) စားမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဖြေဆိုလျက်ရှိပြီး ကရင်ပြည်နယ်အတွင်းရှိ စာစစ်ဌာန (၉)ခုတွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော Grade-1 မှ Grade-8 ထိ ကျောင်းသား၊ ကျောင်းသူပေါင်း သုံးထောင်ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)