မိုးကောင်းမြို့နယ် သမဝါယမအသင်းစု(လိမိတက်)မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း) ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်

မိုးကောင်း ဇွန် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့်မြို့နယ် အသင်းစုတို့မှ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို အောင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။

တောင်သူများ သွင်းအားစုအသုံးပြုခြင်းဖြင့် (၁) ဧကအထွက်နှုန်းတိုးလာပြီး ဈေးနှုန်းဈေး ကွက်သေချာ၍ သမဝါယမအသင်းနှင့် အသင်းသားတောင်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံ့စီးပွား တိုးတက်မြှင့်မာလာစေရန်အတွက် ရည်ရွယ်၍ သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းမှ သက်တံ့ရောင်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များကို ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်စိုးအောင်မှ တောင်သူများအား သွင်းအားစုအသုံးပြုပုံများကို ပြောကြားသည်။

သွင်းအားစုပေးအပ်ပွဲတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးကောင်းမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း) မိုးစပါးရာသီ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် သမဝါယမအသင်းများဖြစ်သော အောင်ချမ်းသာ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း(လီမိတက်) နှင့် လင်းလက်ကြယ်စိုက်ပျိုးရေးနှင့်အထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်များ၏ စိုက်ဧက (၅၆၃) အတွက် ငွေကျပ်(၁၁၂၆) သိန်းနှင့်ညီမျှသော သွင်းအားစုများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။

သန်းလွင်ဦး(ပြန်/ဆက်)