ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ ကျိုင်းတုံတွင် ကျင်းပ

ကျိုင်းတုံ ဇွန် ၁၉     

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၉ ရက်က ကျိုင်းတုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချော‌ချောစိန်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးမည့် နည်းပြများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေးသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ ဖွင့်လှစ်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချော‌ချောစိန် နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်တို့က  အမှာစကားပြောကြားသည်။

ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပ ပညာရေးကဏ္ဍများ အကြောင်းရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးက  စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့် စာသင်ဝိုင်းပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)