ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် 10th MCPA Day & Career Fair 2026 အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၉

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် 10th MCPA Day & Career Fair 2026 အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ စုဝေးခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီခင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား‌ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီခင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌက 10th MCPA Day & Career Fair 2026 အခမ်းအနားပြလုပ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများက အခမ်းအနားအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသူများက အလှကမ္ဘာမြေသီးချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)