ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တို့ကာကွယ် ခေါင်းစဉ်ဖြင့် အသိပညာဟောပြောပွဲကျင်းပ

ထန်းတပင်ဇွန် ၁၉

ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တို့ကာကွယ် ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်တပ်ဖွဲ့စု (၄၀) မှ မူးယစ်တပ်ဖွဲစုမှူး ရဲမှူး သန်းထွဋ်က မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးအဓိကအုပ်စုကြီး (၃) ခု၊ မူးယစ်ဆေးဝါးအဓိကသုံးစွဲကြသူများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများအကြောင်း၊ စိတ်ပြောင်းဆေးဝါးများအကြောင်း သိကောင်းစရာများစသည့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းသိကောင်းစရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ မူးယစ်တပ်ဖွဲ့စု (၄၀)မှ ဒုတိယရဲမှူးကြီး အောင်မြတ်စိုးမှ ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဒုတိယရဲမှူးကြီး အောင်မြတ်စိုးနှင့် အသိပညာပေးဟောပြောပေးသည့် ရဲမှူးသန်းထွဋ်တို့အား အမှတ်တရလက်ဆောင်များ ပြန်လည်၍ ပေးအပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၈၃၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)