မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ အသိပညာပေးဟောပြောပွဲ သန်လျင်၌ကျင်းပ

ရန်ကုန် ဇွန် ၁၈

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက လာမည့်ဇွန် ၂၆ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) တွဲဘက်အတွင်းရေးမှူး (နိုင်ငံတကာဆက်ဆံရေး) တက္ကသိုလ်စိန်မြင့်ထွန်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး မျိုးသန့်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ရဲမှူးကြီး (ငြိမ်း) ဦးသိန်းကြည်တို့က အသီးသီးအသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သန်လျင်မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊‌ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)