ပုဇွန်တောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသူ၊ ကျောင်းသား (၅၂)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ UID ထုတ်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်