ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊ခရမ်းမြို့နယ်၊ အမက(မူလွန်) ဉာဏ်ကျွန်းကျေးရွာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အမက(မူလွန်) ဉာဏ်ကျွန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်းနှင့် လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်း‌ဆေးမှူး ဒေါ်လှမြတ်ထက်က သုံးစွဲရန်မသင့်သည့် တိုင်းရင်း‌ဆေးဝါးများအန္တရာယ်အ‌ကြောင်းနှင့် တိုင်းရင်းဆေးဝါးများ ဝယ်ယူ သောက်သုံးပါက သိရှိရမည့်အချက်များအား ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ကျောင်းသား/ကျောင်းသူများ နေ့စဉ်စားသုံးနေသော အစားအစာများ စားသုံးရာတွင် လိုက်နာရမည့်အချက်များ၊ စားသုံးသူရေးရာ အခွင့်အရေး များအား ရှင်းလင်း‌ဟောပြော ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်၊၊

ခင်နှင်းဝေ(ခရမ်း- ပြန်/ဆက်)