သင်္ဃန်းကျွန်းခရိုင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

သင်္ဃန်းကျွန်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားအား သင်္ဃန်းကျွန်းခရိုင် ဦးဘဟန်လမ်း သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ဇွန် ၁၆ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက လူငယ်စွမ်းရည်သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက လူငယ်စကားဝိုင်းအခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ Moderator များအဖြစ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် မြန်မာစာဌာနမှ နည်းပြဒေါ်ယွန်းရွှေစင်အိတို့က ဦးဆောင်ကာ ပညာရေးဒီဂရီကောလိပ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးတို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ပြီး ဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်ပိုစတာများအား ကြည့်ရှုလေ့လာကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာန ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်းထွန်း၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးထွန်းလင်းစိုး၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)