ရန်ကုန် ဇွန် ၁၈
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခြင်း၊ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်နှင့် ဒေါ်စန္ဒာတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသူရကျော်နှင့်အတူ ရောက်ရှိလာခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်ဌေး၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဒိုင်ဒိုဒါး၊ ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်တို့မှ ကြိုဆိုခဲ့ကြသည်။
ထို့နောက် လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဒိုင်ဒိုဒါးမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တို့မှ သိရှိလိုသည်များမေးမြန်းရာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များတို့သည် သင်တန်းကျောင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ ထမင်းချက်ဆောင်၊ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဝန်ထမ်းအိမ်ရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများတို့မှ လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသည် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)